Wednesday, May 28, 2014

မျိုးချစ်စိတ်

မိုးတွေ တဖွဲဖွဲ အပြင်မှာရွာနေသည်၊
ခါတိုင်း.. အလုပ်ပိတ်ရက် မိုးရွာလျှင် ဘယ်ကိုမှ သွားလေ့ သွားထမရှိ ၊ ယုတ်စွ မိုးရွာလျှင် အိမ်မှာပဲ ဘုရားရှိးခိုးတတ်ပြီး ဘုရားကျောင်းကို မသွားဖြစ်တော့ပါ။ အိမ်မှာပဲ တီဗွီကြည့်ကာ  မိသားစုနှင့် အချိန်ဖြုန်းနေတတ်သည်။

ဒီနေ့တော့ အပြင်မှာ မိုးတွေ သယ်လောက်ပင် သဲသဲမဲမဲ ရွာစေဦးတော့ ကျနော်တို့မိသားတစ်စုလုံး အပြင်ထွက်ဖို့ နံက်မိုးလင်းကတည်းက တက်တက်ကြွကြွဖြစ်နေသည်။ ဇနီးဖြစ်သူကဆို… နံက် (၆) နာရီကတည်း မီးဖိုးချောင်မှ ကရင်ရိုးရာ တာလပေါ့ဟင်းကို ချက်နေသည်။

သမီးငယ်ကတော့  ပွဲနေ ပွဲတိုင်မှာ ဝတ်လေ့ဝတ်ထရှိတဲ့ 'စုမွန်ဝါး' လို့ခေါ်တဲ့ ကရင်သင်တိုင်းအင်္ကျီနှင့် အဖြူအနီစပ် ကရင်လုံချည်ကို ဝတ်းရင်း အလှပြခန်းမှာ တယောက်တည်း မှန်ကို  ရှေ့နောက်ကြည့်ရင်း ..  တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။

ကျနော်ကတော့  နှစ်ပေါင်း (၂၀) ကျော် ကွဲကွာသွားတဲ့ ဆရာမလေးကို တွေ့ရမည်ဆိုတော့ တစ်ယောက်တည်း  စိတ်တွေ လှုပ်ရှားနေသည်။
ကျနော်တို့ တတွေ တိုင်းတစ်ပါးကိုရောက်ပေမယ့်  ကိုယ့်မြို့၊ ကိုယ့်ရွာ ၊ ကိုယ့်ဓလေ့ကိုတော့ ဘယ်တော့မှ မမေ့တတ်ကြပါ။

ပြီးခဲ့တဲ့ သင်္ကြန်ကဆို ကနေဒါရောက် မြန်မာပြည်သားများတွေ့ကြဆုံးပွဲမှာ ဘီယာဘူးတွေ တဖောင်းဖောင် ဖောက်ကြသည်။ စားပွဲပေါ်မှာ ပုလင်းရောင်စုံတွေ၊ ပြီးတော့ ဘဲကင်၊ ဆာတေ၊ ပုဇွန်ကင်၊ ကိုက်လန်ကြော် စတဲ့  ပြည့်ပအစားအစာတွေက ပြည့်နှက်နေသည်။ ဒါပမေယ့်  မြန်မာပြည်ဖြစ် ငါးရံ့ခြောက်နှင့်ပဲကြီးလော်ကတော့ မတွေ့ရပါ။

သို့သော် ကျနော်တို့ ပြည်ပရောက် မြန်မာတွေရဲ့ ပြောနေကြစကားတွေကတော့…
‘ငါတို့ တော စခန်းမှာ အတူသာက်ခဲ့တဲ့ ခေါင်ရေနဲ့ ကြွက်ကျော်ကို သတိရလိုက်တာ’

‘အဲဒီတုန်းက ဒီကောင်ပေါ့  .. ခေါင်ရေမူးလို့် တလမ်းလုံး အန်တာ ၊ ဟေ့ကောင်း မေ့သွားပြီလား’

‘ ဘယ့်မေ့ပါ့မလားကွာ… ၊ အဲဒီနောက် ခေါင်ရည်ဆို ပြောသံကြားတာနဲ့ အန်ချင်နေတယ်’

ဟား ဟား…  တော်စမ်းပါကွာ မင်းပြည်ပက ဘီယာတွေတောင် ရဲရဲကြီးသောက်နေတာ  ၊ ကရင်ခေါင်ရေ ကတော့ အပျော့လောက်ဖြစ်သွားပါပြီ။

ငါပြီးခဲ့တဲနှစ်တုန်းက မြန်မာပြည်ရောက်ခိုက် ၊ ရွာက မိတ်ဆွေတွေနဲ့ ခေါင်ရေကို သတိရလို့သွားသောက်ကြည့်တာ ..၊ ကနေဒါက ဘီယာနဲ့ ဘယ်လဲနိုင်မလဲကွာ ၊ ဒီဘီယာတွေ လွှင့်တောင် ပစ်တယ်။

ဘီယာဘူးတွေသာ  စကားနားလည်ရင် အားနာစရာ သို့သော် ဘီယာဘူးသာ မဟုတ် ရေသန့်ဘူးလည်း သည်ဝိုင်းမှာ မသက်သာ
‘မင်းတို့ ကနေဒါရောက်လို့ ရေသန့်တွေ ဘာတွေ လုပ်နေတာ တို့ စခန်းမှာ တုန်းက ကန်ရေကိုပဲ သောက်နေတာ မဟုတ်လားကွ ၊  မင်းတို့ ရေးဘူးတွေက ကယ်မီကယ်တွေနဲ့ တို့တောထဲက ရေကမှ အော်ဂဲနစ် စစ်စစ်’

ဟုတ် ၊မဟုတ်တော့ မသိ
သို့သော် ကန့်ကွက်သူ မရှိ အားလုံး ထောက်ခံသလိုနဲ့ ငြိမ်နေကြသည်။

ဘာကြောင့်လဲ

မျိုးချစ်စိတ်ကို ၊

တိုင်းပြည်ချစ်စိတ်ကို

မျိုးချစ်စိတ် ထက်သန်နေသည့်အခါ သည်လိုပဲ ကိုယ့်မြို့ ကိုယ်ရွာ ကိုယ်ဒေသအကြောင်း ဟုတ်ဟုတ် မဟုတ်ဟုတ် အကောင်းပြောကြပေမည်။

ကျနော်ကိုယ်တိုင် ၊ကနေဒါနိုင်ငံလို  နက်ကတိုင်ဝတ်တဲ့ တိုင်းပြည်ရောက်ပေမယ့် ၊ ကရင်သင်တိုင်းအင်္ကျိကို ချစ်မြတ်နိုးဆဲဖြစ်သည်။

ကဲ..ဒါဖြင့် မင်းတို့ မြန်မာပြည် ပြန်ကြမလား မေးလျှင်တော့…၊
ဟဲကောင်… ၊မင်းသိတယ်မဟုတ်လား…. မပြောင်းလဲသေးဘူးလေ..၊စစ်တပ်က အုပ်ချုပ်နေတာ.. ပြန်ရင် တို့ နန်းစံသွားမှာပေါ့ ဟု ဆိုပေလိမ်မည်။

ဟုတ်သားပဲ
အိမ်ကို သတိရတာ ၊
ခေါင်ရေကို သတိရတာ
အမျိုးတွေကို သတိရတာ
 အဲဒါတွေနဲ့ ဘာဆိုင်လို့လဲ။

ဆရာမလေးသည်  ၈၈-အရေးအခင်းမဖြစ်ခင်က ကျနော်တို့ရွာမှာ  ကိုယ်ပိုင်ဆေးခန်းဖွင့်၍  သူ့ဘဝကို စတင်ရပ်တည်ခဲ့သူဖြစ်သည်။ အဲဒီတုန်းကတော့ ရွာမှာ ဆရာဝန်ဆိုတာ တစ်ရွာမှာ တစ်ယောက် လောက်သာဆိုတော့ ၊ လူသိများသည်၊ ထင်ရှားသည် ၊

ဆရာမလေးက ရုပ်ချော အပြောကောင်းဆိုတော သူဆီသွားတဲ့ လူနာတိုင်း ရောဂါ မပျောက်သည် မရှိ ဆရာမဆီ ရောက်တာနဲ့ ရောဂါတစ်ဝက်သက်သာလိုဖြစ်သွားသည်။

၈၈-အရေးအခင်းဖြစ်ပြီးနောက် ပြည်ပြေးကျောင်းသွားတွေနဲ့အတူ ဒီမိုကရေးစီ တိုက်ပွဲဝင်ရင်း  ထိုင်းနယ်စပ် မဲဆောက်မြို့တွင်ခိုလှုံကာ မယ်တော်ဆေးခန်ကို စတင်ဖွင့်လှစ်ခဲ့သည်။

ဆရာမလေးသည် ၊ ငွေကြေးကို ပဓာနမထား ၊ ခြေပြတ်၊လက်ပြတ်၊မီးဖွား၊ စသည့်ရောဂါ စုံကို အခမဲ့ ကုသပေးခဲ့သည်။

နောက်ပိုင်းတွင်း ဆရာမရဲ့ ဂုဏ်သတင်း ပျံ့နှံ့ကာ ၊ နိုင်ငံတကာမှ ထောက်ပံ့မှုဖြင့်  နယ်စပ်ဒေသတစ်လျှောက် မြန်မာပြည်သူတို့ရဲ့ အဓီက အားထားရသည့်
 ဆေးရုံတစ်ရုံဖြစ်လာခဲ့သည်။  နယ်စပ်ဒေသတွင် မွေးဖွားသော ကလေးငယ်များအတွက် အခြေခံပညာ အခမဲ့ကျောင်းများကို တည်ထောင်ခဲ့သည်မှာ ယခုဆို ကျောင်းသား တစ်ထောင်ကျော်ကို ပညာသင်ကြားပေးနေသည်ကို တွေ့ရသည်။

ဆရာမ၏ ထိုကဲ့သို့ အများအကျိုးကို တစိုက်မက်မက် ဆောင်ရွက်မှုကြောင့် ဆစ်ဒနီငြိမ်းချမ်းရေးဆု အပါအဝင် နိုင်ငံတကာမှ  ဆုပေါင်း (၃၀) ကျော်ကို လက်ခံရရှိထားသူဖြစ်သည်။

ဧည့်ခန်းထဲမှာ .. ကရင် သင်တိုင်း အင်္ကျီကိုဝတ်ပြီး ၊သမီးနဲ့ဇနီးကို ထိုင်စောင့်ရင်း ဆရာမလေး အကြောင်းကို တွေးနေလိုက်တာ သမီးအိမ်ပေါ်က ဆင်းလာမှ အတွေများ ပြတ်သွားသည်။

 “ ဖေ..ဖေ.. သမီး ကရင် သင်တိုင်လေးနဲ့  လှတယ် မဟုတ်လား”

 “လှပ သမီး လှပ… ဒါမှ ကရင်မလေး အစစ်” ဟု အားရပါးရပြောလိုက်သည်။

မိုးကလေး တဖွဲဖွဲဖြင့် ကျနော်တို့မိသားစု …၊ ဆရာမရောက်လာမည့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းရှိရာ .. Richmond သို့ ကားမောင်းထွက်ခဲ့သည်။  ကားကက်စက်ထဲတွင်းလည်း ကရင်သီချင်းကို ဖွင့်ထားလိုက်သည် ၊ ကားမောင်းရင်း နောက်မှာ ထိုင်ပြီးလိုက်ပါလာသည့်  ဇနီးကို ကားနောက်ကြည့်မှန်က  ကြည့်လိုက်တော့ ၊ ကရင်းသီချင်းကို ခေါင်းတညိမ့်ညိမ့်ဖြင့် တီးလုံးလိုက်နေသည်။

၁၁-နာရီးထိုးအချိန်…

ဗုဒ္ဓရံသီဘုန်းကြီးကျောင်းကို ရောက်ပါပြီ  ဖိတ်ထားသော ဧည့်သည်တော်များ တော်တော်စုံစုံလင်လင် ရောက်နေပြီ၊ ဆရာမလည်း ရောက်နေပြီ  နှစ်ပေါင်း (၂၀)က ဝေးကွားသွားတဲ့ မိတ်ဟောင်းဆွေဟောင်းတွေကို မိတ်ဆက်စကားပြောနေသည်။

ကျနော်လည်း ဖြည်ဖြည်ချင်း ဆရာမနားကပ်သွားပြီး နှုတ်ဆက်လိုက်သည်၊ ဆရာမက ဝမ်းပန်းတသာ ၊ လက်ဆွဲနှုတ်ဆက်ရင်း.. 'မင်းအရင်တုန်းကလိုပဲနော်' တဲ့..၊

 ဆရာမ ဘာကို ဆိုလိုသည်မသိ..၊ ကျနော်စိတ်ထဲမှာတော့ ပျော်သွားသည်။

ထို့နောက် …  ဗုဒ္ဓရံသီ ဆရာတော်အားဆွမ်းဆက်ကပ်ပြီး ဆရာမနှင့် ဗန်ကူးဘားရောက် မြန်မာမိသားစုများဖြင့် တွေ့ဆုံကာ စကားပြောကြသည်၊ ဆရာမသည်၊ သူရဲ့ လုပ်ငန်းစဉ်များကို ရှင်းပြသည်။ 

ဗန်ကူးဘားရောက် မြန်မာမိသားစုများကလည်း ..နှစ်ပေါင်း (၂၀) ကျော်မှ ပြန်လည်တွေ့ဆုံရသော ၊ ဆရာမကို လက်ဆောင်ပစ္စည်းများပေးအပ်ခါ ..၊ ဆရာမ မြန်မာပြည်မှ ယူလာသော တီးရှပ်များကို မျိုးချစ်လက်ဆောင် အဖြစ် ဝယ်ယူကြသည်။

ကျနော်တို့ တတွေ ဘယ်လိုပင် ဖွင့်ဖြိုးတိုးတက်သော တိုင်း၊ နိုင်ငံပင်ရောက်နေသော်လည်း ၊ယနေ့ ဆရာမ ဒေါက်တာစင်သီယာမောင်နှင့်တွေ့ဆုံပွဲကို ကြည့်ခြင်းအားဖြင့် မျိုးချစ်စိတ်တွေ ၊တိုင်းပြည် ချစ်စိတ်တွေ  ရှိနေသေးပါလားဟု တွေးတောရင်း ဝမ်းသာကြည်နူးနေမိပါတော့သည်။

No comments:

Post a Comment