Tuesday, February 25, 2014

ပြစ်တင်ဝေဖန်ခြင်းနှင့်သွန်သင်ပြသဆုံးမခြင်း ခြားနားချက်

ခုတလော အင်တာနက်စာမျက်နှာတွေမှာ ရဟန်းတော်များကို ၊ ဝေဖန်ကောင်းတယ်၊ တချို့က မဝေဖန်ကောင်းဘူး စသည်ဖြင့် အငြင်းပွားဖွယ်ရာ အကျိုးမရှိတဲ့ စာတွေဖတ်နေရတယ်။

စာပေဗဟုသုနည်းပါးတဲ့ သူတွေက ဒီစာလေးလောက်ကို ဖတ်ပြီး ၊ လူတွေ့တိုင်း ရဟန်းသံဃာအချို့ရဲ့ အပြစ်ကိုပြကာ   လူလောကမှာ အသိမ်းအဖျင်း လိုက်ပြောနေရင်..အလိုလို အကုသိုလ်ပွားနေသလိုပဲ။

တကယ်.. ရဟန်းသံဃာတော်တွေ ကောင်းစေချင်တယ်ဆိုရင် ..မိမိလက်လှမ်းမှီတဲ့ ကျောင်းတိုက်တွေ ၊ ရဟန်းငယ်တွေကို တွေ့ဆုံကာ လမ်းညွှန်ပြသနိုင်ပါတယ်။

လောကမှာ အရာဝတ္ထုတိုင်း အစစ်ရှိရင် အတုရှိတတ်သလို ..သာသနာမှာလည်း ရဟန်းမျိုးစုံရှိနိုင်တယ်။ ဒါကိုလည်း သဘောပေါက်ရမယ်..။

ရဟန်းတော်များကို အမြဲတမ်း ချီးမွမ်းထောမနာနေရမယ်လို့မဆိုလိုပါဘူး၊ မကောင်းတာရှိရင် ဆရာ၊ဒကာလက်တွဲပြီး အတူဖြေရှင်းနိုင်ပါတယ်။

လောကမှာ လူရှိနေသ၍ ကဲ့ရဲ့ခြင်း၊ ဝေဖန်ခြင်း၊ ပြစ်တင်ခြင်းများလည်း ရှိဦးမှာဖြစ်တယ်။
မြတ်စွာဘုရားတောင် အဝေဖန်ခံရတယ်၊ကဲ့ရဲ့ခံရတယ်။ သာမန်ပုထုဇဉ်ရဟန်းမျာကတော့ မပြောနဲ့တော့။

သာသနာကောင်းကျိုးအတွက် ရဟန်းတော်တွေကို ပြုပြင်ချင်တယ်ဆိုရင် ဘုရားလက်ထက်က ကျောင်းအမ ဝိသာခါတို့လို့ တည့်တည့်ပြော ၊ အပြင်မှာ မဝေဖန်နဲ့။စာရေးသူတို့ ငယ်စဉ် ကိုရင်ဘဝကလည်း
 ကျောင်းအမကြီးက ကိုရင်လေးတွေ သင်္ကန်ဝတ်တာ မညီရင်၊ အန္တရာယ်ဖြစ်လောက်အောင် ဆော့နေရင် ပြောဆိုဆုံးမတာပဲ။

ရဟန်းက စကားပြောမှားလို့ ၊ မကြည်ညိုချင်ရင် .. စိတ္တသူကြွယ်လို့ အဲဒီရဟန်းရှေ့မှာ အပြစ်ကိုပြ .. ၊ လမ်းညွှန်ပြ ..
အပြင်မှာ မဝေဖန်နဲ့ ၊ သူတစ်ပါးကို လက်မတို့နဲ့။

ဘုရားလက်ထက်ကလည်း ဘုရား၊တရား၊သံဃာကို ကဲ့ရဲ့တဲ့သူရှိခဲ့ဖူးတယ်။
ပိဋကတ်တော်တွေမှာ သေချာမှတ်တမ်းတင်ထားတယ်။  ဒကာတို့လည်း ၊ သမိုင်းမှာ ရဟန်းကို ပြစ်တင် ဝေဖန်သူလို့ မှတ်တမ်းမကျန်ရစ်စေနဲ့ ၊ ပြောချင်ရင် ၊ ပြုပြင်ချင်ရင် ရဟန်းရှေ့မှာ သေချာသွားပြောပါ..။

အခါတပါးမှာ မြတ်စွာဘုရားနောက်ပါ ရဟန်းများနှင့်အတူ ရာဇဂြိုဟ်ပြည် နာဠန္ဒာမြို့ကို ကြွတော်မူတယ်။  သုပ္ပိယပရိဗိုလည်း တပည့် ဗြဟ္မဒတ္တနဲ့အတူ နာဠန္တမြို့ကိုသွားကြတယ်။

ခရီးသွားအချင်းချင်း သုပ္ပိယက ဘုရား၊တရား၊သံဃာတွေရဲ့ အပြစ်ကို တလမ်းလုံး မြတ်စွာဘုရားနဲ့ တပည့်ရဟန်းတွေ မခံသာအောင် ပြောနေတယ်။  တပည့်ဖြစ်သူကတော့ စိတ်ကောင်းရှိသူဖြစ် ၊ ရတနာသုံးပါရဲ့ ဂုဏ်ကျေးဇူးကိုပဲ ချီးမွမ်းပြောဆိုနေတယ်။

မြတ်စွာဘုရားနှင့်ရဟန်းသံဃာတွေက လမ်းခရီးမှာ မင်းကွန် (မင်းတို့နေဖို့ဆောက်လုပ်ထားတဲ့) သရက်ဥယျာဉ်းမှာ ခဏနားကြတယ်။
သုပ္ပိယနှင့်တပည့်ကလည်း ထိုမင်းကွန်မှာပဲ ခဏနားကြတယ်။ ဆရာတပည့်နှစ်ယောက် ဆရာက  ၊ ဘုရားနှင့်သံဃာတော်တွေကို ကဲ့ရဲ့ပြစ်တင်၊တပည့်က ဘုရားနှင့်သံဠဃာတော်တွေကို ချီးမွမ်းစကား ဆိုရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်စကားများကြတယ်။

ဒီလိုနဲ့ လမ်းခရီးတစ်လျှောက် သုပ္ပိယရဲ့ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတွေကို ပြင်တင်ဝေဖန် ကဲ့ရဲ့သံကြားရတော့ ရဟန်းတွေက သည်းမခံနိုင်တော့ မြတ်စွာဘုရားကို လျှောက်ထားကြတယ်။

ဒီတော့ ဗုဒ္ဓက ..
ရဟန်းတို့.. သူတစ်ပါးက ငါ့၏ အပြစ်ကိုဖြစ်စေ၊တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ကဲ့ရဲ့ပြစ်တင် ဝေဖန်ရာ၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာမယာဖြစ်ခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြနှင့်..။

ရဟန်းတို့ ငါ၏အပြစ်ကိုဖြစ်စေ၊ တရားတော်၏အပြစ်ကိုဖြစ်စေ..၊ သံဃာတော်၏ အပြစ်ကိုဖြစ်စေ  ပြစ်တင်ဝေဖန်ရာ၌ သင်တို့အမျက်ထွက်ပြီး စိတ်မချမ်းမသာဖြစ်ကြလျှင် သင်တို့သာ အန္တရာယ်ဖြစ်ရာ၏။

ရဟန်းတို့ သူတို့သည် ငါ၏အပြစ်ကိုဖြစ်စေ…တရားတော်၏ အပြစ်ကိုဖြစ်စေ..၊ သံဃာတော်၏ အပြစ်ကိုဖြစ်စေ ပြစ်တင်ဝေဖန်ရာ၌ သင်တို့အမျက်ထွက်ပြီး နှလုံးမသာမယာဖြစ်ခဲ့လျှင် သူတစ်ပါး၏
စကားကောင်း ၊စကားဆိုးကို မသိနိုင်ပါ။

ရဟန်းတို့ သူတစ်ပါးက ပြစ်တင်ဝေဖန်ရာ၌ “ ဤ စကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်းမမှန်၊  စင်စစ် ဤအပြစ်သည်  ငါတို့မှာထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်းသင်တို့ဖြေရှင်းကြပါလေ..။  (ဗြဟ္မဇာလသုတ်)

No comments:

Post a Comment