Friday, May 25, 2012

သူရဿတီမယ်တော် ဘယ်ကစ.?

ကျောင်းသားဘဝက .. စာမေးပွဲအောင်ဖို့ သူရဿတီဂါထာကို အကြိမ်ကြိမ်ရွက်ဆိုခဲ့ဖူးပါတယ်။ ရွတ်ဆိုလို့လား ကိုယ့်အားထုတ်မှုကြောင့်လား ရှင်းရှင်လင်းလင်းတော့ မပြောတတ် စာမေးပွဲတွေလည်း အလီလီအောင်မြင်ခဲ့ဖူး ပါတယ်။ ထူးဆန်းတာက ယုံကြည်မှုရှိလာရင် ယုတ္တိရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ.. စွမ်းအားတွေ ၊ သတ္တိတွေဖြစ်လာတာကတော့ အမှန်ပါပဲ။ အသက်အရွယ်အရ စဉ်စားတတ်တဲ့ အချိန်ရောက်မှ သူရဿတီ ဘယ်ကစလို့ ကိုးကွယ်ခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

သူရဿတီဆိုတာ အန္ဒိယသူပါ… အိန္ဒိယသူဆိုပေမယ့် တကယ့် လူသားစင်စစ် မဟုတ်ပါဘူး မြစ်တတစ်ရဲ့ အမည်နာမပဲဖြစ်ပါတယ်။ အဲဒါကိုပဲ အမျိုးသမီးပုံလှလှလေးနဲ့ ဟင်္သာပေါ်မှာ ပိဋကတ်သုံးပုံကိုင်ပြီး ၊ စာပေစောင့်နတ်ဟုဆိုကာ မည်သူက ပါဠီဖြင့် တီထွင်လိုက်သည်မသိ သူရဿတီဂါထာ
 ( စာမေးပွဲ အောင်ဂါထာဆိုပြီး ) မြန်မာပြည်မှာ ထင်ရှားပါတယ်။

မြန်မာတို့ရဲ့ သူရဿတီ
သူရဿတီ ဘယ်ကစ ?

ဗြဟ္မဏဝါဒမှာ ဝေဒကျမ်းလာ .. ဝေဒလေးပုံရှိပါတယ်။  
1.ရိဂ်ဝေဒ ( Rig Veda)
2.ယဇုဝေဒ ( Yajwar Veda)
 3. သာမဝေဒ ( Sama Veda)
4. အာထဗ္ဗဏဝေဒ (Athave Deda)
သူရဿတိအကြောင်းကို ဣသျှဝေဒခေါ် (ဣရုဝေဒ) ထဲမှာ စတင်ပါဝင်တာကို   လေ့လာတွေ့ရှိရပါတယ်။

အဲဒီဝေဒကျမ်းမှာနက္ခတ်ပညာ၊ ဗေဒင်ပညာသာမက ရှေးအရိယာန်မျိုးနွယ်စုတွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊  အတွေးအခေါ်တွေ အများဆုံးပါဝင်နေပါတယ်။

သူရဿတိအကြောင်းပါဝင်တဲ့ ရိဂ်ကျမ်းဟာ ရှေးအလွန်ကျပြီး သက်မဲ့ တော၊တောင်၊ ရေ၊မြေ လေ၊ မီး၊ မိုးကောင်းကင်၊ လျှပ်စီး၊ နေ၊ နက္ခတ်၊ တာရာစတဲ့ သက်မဲ့ အဝိညာဏကတွေကော ၊ လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ ရွံခြင်း စတဲ့ စိတ္တဇနာမ်တွေကိုပါ သက်ရှိနတ် ဒေဝတာတွေ၊ ဒေဝီတွေ၊ တန်ခိုးဣဒ္ဓိပါဒ်ရှင်တွေအဖြစ် မှတ်ယူကြောက်လန့် ကိုးစားခဲ့တဲ့ ခေတ်လောက်က စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

သမိုင်းပညာရှင်များကတော့ ဘီစီနှစ်ထောင် ဝန်ကျင်းလောက်မှာ “ရိဂ်ဝေဒ” ကျမ်း စတင်ပေါ်ပေါက်လာကြောင်း ခန့်မှန်းကြပါတယ်။
သဘာဝတရားအားလုံးလိုလို နတ်ဘုရားတွေ အဖြစ်ယူဆပြီး စိတ်ကူယဉ် နာမည်မျိုးစုံနဲ့ ထောပနာပြုတဲ့ လင်္ကာ ၊ ဂါထာပေါင်း ( ၁၀၂၈) ပုဒ်အထိ ရိဂ်ကျမ်းမှာ ပါဝင်တာတွေ့ရပါတယ်။ စိတ်ကူးယဉ်နတ်သား ၊ နတ်သမီးတွေမှာတောင် အဆင့်အတန်းသတ်မှတ်တဲ့အခါ နတ်သမီးများက တန်းခိုးအနိမ့်ဆုံး နတ်သားများနှင့် တန်းတူသတ်မှတ်ကြပါတယ်။ နတ်သမီးတွေ အဆင့်နိမ့်တဲ့ အထဲမှာ သရသွတီ
( Saraswati) ဆိုတဲ့ မြစ်နတ်သမီးလည်း ပါဝင်ပါတယ်။

သူရဿတီ အမျိုးသမီးဖြစ်ရခြင်း…

သက္ကတကျမ်းအရ.. မြစ်၊ချောင်းတို့ကို ဣတ္ထိလိင်အဖြစ်သတ်မှတ်ထားလို့ မြစ်တစင်းရဲ့ အမည်ဖြစ်တဲ့ သူရဿတီကိုလည်း အမျိုးသမီးအဖြစ် ထုလုပ်ကိုးကွယ်လာရခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်သဒ္ဒါမှာ သင်္ဘောနဲ့ပတ်သတ်ပြီး သူ ( He / His) လို့မသုံးပဲ၊ (She/ Her) လို့သုံးသလိုပါပဲ။  ဒါကြောင့် အိန္ဒိယပြည် အနောက်မြောက်ဘက် ပန်ဂျပ်နပ် ( Panjub) ပြည်မှာရှိတဲ့  သရသွတီမြစ်ရဲ့ မြစ်စောင့်နတ်ဟာလည်း သရသွတီ (ခေါ်) သူရဿတီနတ်သမီး ဖြစ်လာရပါတယ်။

ရိဂ်ဝေဒကျမ်းမှာ ဣန္ဒုမြစ်ကို ချီမွမ်းထောပနာတဲ့ ဂါထာတစ်ပုဒ်။ဝိပါနဲပသုတုဒ္ဒိချောင်းတို့ကို ချီးမွမ်းတဲ့ ဂါထာတပုဒ်၊ သုတုဒ္ဒီချောင်းကို ချီးမွမ်းထေားပနာတဲ့ဂါထာ တပုဒ်နဲ့ သရသွတီမြစ်ကို ချီးကျူးထောပနာတဲ့ ဂါထာသုံးပုဒ်ပါဝင်နေတာ လေ့လာတွေ့ရှိရပါတယ်။

ရှေးခေတ် အီဂျစ်တွေက သူတို့ လယ်ယာစိုက်ပျိုး အသက်မွေးမြူနိုင်အောင် ၊ လမ်းပမ်း ဆက်သွယ်သွားလာနိုင်အောင် ၊ ကောင်းကျိုးပြုနေတဲ့ နိုင်းလ်မြစ်ကြီးကို (Father Nile ) အဖြစ် တင်စာ သတ်မှတ်သလိုဖြစ်ပါတယ်။ အဲဒီခေတ်တုန်းကဆို ဖခင်နိုင်းလ်ကို ယဇ်ပူဇော်ပသတဲ့ အနေနဲ့ မိန်းမပျိုလေးတွေကို နိုင်းလ်မြစ်ထဲ အရှင်လတ်လတ် ရေနှစ်သတ်ခဲ့ကြတာ လေ့လာကြည့်ရင် မြစ်၊ ချောင်းတွေကို ကိုးကွယ်ထားတာ တစ်ကမ္ဘာလုံးလိုလိုဖြစ်ခဲ့တာလို့ သတ်မှတ်နိုင်ပါတယ်။

အန္ဒိယမှာဆိုရင်  အခုခေတ်တိုင်အောင် သူတို့ရဲ့ ကျေှးဇူးရှင် ဂင်္ဂါမြစ်ကြီးကို မိခင်ဂင်္ဂါ ( Mother Ganges) အလေးအမြတ်ပြုနေတုန်းပါပဲ။ ရှေးဟောင်း  အာရိယန်တွေကလည်း သူတို့ခြေချရာ ပန်ဂျပ်နယ် တစ်ဝိုက်က ဂျမ္မနားမြစ်နဲ့ ဆတ္တလက်မြစ်တိုအကြားမှာရှိပြီး မြေဆီးသြဇာ ကောင်းမွန်တဲ့ မြစ်ဝှမ်းနဲ့ ရေးကိုပေးစွမ်းနိုင်တဲ့ သွရသတီမြစ်ကို အလေးအမြတ်ပြုခဲ့တာဖြစ်ပါတယ်။

ရိဂ်ဝေဒကျမ်းထဲက ဓမ္မလင်္ကာတပုဒ်မှာ.. သရသွတီကို.. “မိခင်များ ၊ မြစ်များ ၊ နတ်သမီးများအနက် အမြင့်မြတ်ဆုံးဖြစ်သည်။ မပြတ်ယိုစီးနေသော သူမ၏သားမြတ်သည် အမျိုးမျိုးသော စီးပွားချမ်းသာ တိုကို ပေးကမ်း၏ ။ စည်းစိမ်ဥစ္စာ အစာအာဟာရ ၊ သား၊သမီးတို့ကိုလည်း ပေးကမ်း၏။ ဟု ချီးမွမ်းထောပနာတာကို လေ့လာတွေ့ရှိရပါတယ်။ စီးဆင်းနေတဲ့ သရသွတီမြစ်ရေအလျဉ်ကို သရသွတီနတ်သမီးရဲ့ သားမြတ်ကယိုစီးလာတဲ့ နိုးရည်ပမာ တင်စားပြီး ချီးမွမ်းထာပနာပြုကြပါတယ်။

သရ… ဆိုတာ “ အားကိုးမြတ်နိုး သတိရထိုက်သူ” သွတီဆိုတာ   “သစ္စာရှိသူ” လို့တောင် အဓိပ္ပါယ်ဖွင့်ဆိုကြပြီး။ သရသွတီကို အားကိုးထိုက်တဲ့ သစ္စာရှင်နတ်သမီးအဖြစ် ယုံကြည်ကိုးကွယ် လားတာနဲ့အမျှ အဲဒီခေတ်က မြစ်ကမ်းပါးမှာ သရသွတီနတ်သမီး ပူးဇော်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

အဲဒီအလေ့အထ အဆက်အနွယ်ကြောင့် နီပေါနိုင်ငံမှာ တစ်နှစ်မှာ တစ်ရက် သရသွတီပူဇော်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပကြတာကို လေ့လာတွေ့ရှိရပါတယ်။

အိန္ဒိယ သူရဿတီမယ်တော်


သရသွတီ နှင့် သူရဿတီ

ဝေါဟာရတ္ထဒီပနီမှာ “ မြန်မာဘာသာ သူရဿတီ နတ်သမီးခေါ်ကြသည်မှာ အမရကောသအဘိဓာန်ကျမ်းတွင် ဗြဟ္မီ- ဗြဟ္မာ၌ဖြစ်သော သူရဿတီနတ်၊ ဘာရတီ - စကားကို ဝေဖန်တတ်သော သူရဿတီနတ်၊ သရသွတီ - ရေအိုင်နေရာ၌ သူရဿတီနတ်ဟူ၍ ပရိယာယ် သုံးပုဒ်ပြ ထားတာကို   လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် သရသွတီနှင့် မြန်မာတွေခေါ်ဝေါ်နေတဲ့ သူရဿတီ အတူတူဟုမှတ်ရပါမယ်။

ဗြဟ္မဏကျမ်းဂန်တွေ ထွန်းကာတဲ့ ခေတ်မှာတော့ သူရဿတီဟာ သာမန်မြစ်စောင့် နတ်သမီးတပါး အဖြစ်သာ မဟုတ်တော့ပဲ လောကရဲ့ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးရဲ့ ခွင့်ပြုချက်အရ ဝေဒလေးပုံအပါအဝင် လောကရဲ့ ဘာသာစကားအားလုံးကို ဖန်ဆင်းပေးခဲ့သူအဖြစ် အမွှမ်းတင်ရေးသာလာကြပါတယ်။
  • စကားဆိုင်ရာမှာ ကြွမ်းကျင်တဲ့ နတ်သမီး။
  • ဝိဇ္ဖာ၊သိပ္ပံပညာ၊ အနုသုခုမပညာအရပ်ရပ်ကို ပေးစွမ်းနိုင်တဲ့ နတ်သမီး။
  • ပူဇော်ကိုးစားသူအပေါင်းကို ကောင်းမြတ်ချိုသားသော စကားကိုသာ  ပြောဖြစ်အောင်၊ ပီယသိဒ္ဓိ သျှိုပြီးအောင်၊ စောင့်မနိုင်တဲ့ နတ်သမီးအဖြစ် အလွန်အကြူး ချိမွမ်းဖွဲ့ဆိုခဲ့ကြပါတယ်။
သူရဿတီမယ်တော်နှင့်ပတ်သတ်လို့ ဟိန္ဒူရှေးဟောင်းကျမ်းတွေ တစ်ခုနှင့်တခု အဓိပ္ပါယ်ကွဲလွဲ နေတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဥပမာ ဣရုဝေဒဏ္ဏဝကျမ်းမှာ ဗိဿနိုး၊ သီးဝ ၊ မဟာဗြဟ္မာ ဟူသော နတ်မင်းကြီးသုံးပါတို့၏ အလုပ်အကျွေးမိဖုရားတို့ကား လက်ချမီး ၊ ပါရဒေဝီ၊ သူရဿတီ အစဉ်းအတိုင်း သိအပ်၏ ဟုဆိုပြန်ပါတယ်။

သူရဿတီ ကိုးကွယ်မှု ထေရဝါဒသို့ ထိုးဖောက်ဝင်ရောက်လာပုံ

ဗုဒ္ဓသာသနာ မထွန်းကားခင်ကတည်းက ဗြဟ္မဏဝါဒဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ အင်ဒိုချိုင်းနာ ကျွန်ဆွယ်ဒေသတဝိုက် သီရိလင်္ကာ ၊ မြန်မာ ၊ ထိုင်း ကမ္ဗောဒီးယား ၊ လာအို၊ မာလာယု၊  ဆူမတြာ၊ ဂျဗား၊ စင်ကာပူ ၊ စသည်တို့မှာ တစ်ဒေနသနှင့် တစ်ဒေသ ကူးလူးဆက်ဆံရာက အန္ဒိယနွယ်ဖွား ဗြဟ္မဏဘာသာဝင်တွေဆီက ဝေဒကျမ်းလာ နတ်ကိုးကွယ်မှု အလေ့အထတွေ ပါသည်ဟုဆိုကြပါတယ်။

ဒါကြောင့် ပုဂံခေတ်က ကိုးကွယ်ကြတဲ အတွင်း ( ၃၇) မင်းထဲမှာ ယခုလက်ရှိမြန်မာတွေ ကိုးကွယ်နေတဲ့ သူရဿတီ မယ်တော်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ သူရဿတီကို နတ်ဝတ်တန်ဆာဆင်ပြီး လက်နှစ်ဘက်မှာ ကြာပန်းကိုင်လို့ ဟင်္သာငှက်ပေါ်မှာ ထိုင်ဟန်ကို ထုလုပ်ကိုးကွယ်ကြပါတယ်။  တချို့ဗြဟ္မဏ အိမ်တွေမှာ သူရဿတီကို ဟင်္သာမစီးပဲ ဒေါင်းငှက်စီးပြီး လက်တဖက်က စာအုပ်ကိုကိုင် ၊ နောက်လက်တဖက်က စောင်းကို ကိုင်တဲ့ပုံကိ ပူဇော်ကြကိုလည်း လေ့လာတွေရှိရပါတယ်။ သူတို့အဆိုအရ .. စောင်းက အနုပညာ၊ စာအုပ်ကတော့ -- ဝိဇ္ဖာသိပ္ပံပညာကို ရည်ညွန်းပါတယ်။

ဗြဟ္မဏဝါဒီတွေက သူတို့ရဲ့ ကျမ်းစာအတိုင်း သူရဿတီကို အိန္ဒိယယဉ်ကျေးမှုနှင့်အညီ ရေးဆွဲထုလုပ် ကိုးကွယ်လာကြသော်လည်း ဘုမသိဘမသိတဲ့ မြန်တွေကတော့ စာပေကို အစိုးရသော နတ်သမီး၊ ပိဋကတ်သုံးပုံကိုစောင့်သောနတ်သမီးဆိုပြီး ပြောင်းလဲ ထုလုပ်ကိုးကွယ်လာကြပါတယ်။ နောက်ပိုင်း ဟိန္ဒူာယဉ်ကျေးမှုမှလဲ သူရဿတီကို မြစ်တစစ်ရဲ့ အမည်သက်သက်သာမဟုတ်တော့ပဲ ဝိဇ္ဖာ၊ ဥာဏ်ပညာအရာမှာလည်း အလေးထားကိုကွယ်လာကြလို့ ဟိန္ဒူစာသင်ခန်းတွေမှာ သူရဿတီပုံကို ချိပ်ဆွဲထား တာကိုလေ့လာတွေ့ရှိရပါတယ်။ အဲဒီယဉ်ကျေးမှုရဲ့ စီးဝင်မှုကြောင့် မြန်မာတွေကလည်း သူရဿတီ မယ်တော်ကို ပိဋကတ်သုံးပုံစောင့် နတ်သမီးအဖြစ်ကိုးကွယ်လာကြတာပါ။

အမှန်အားဖြင့် .. ပိဋကတ်သုံးပုံကို ထိမ်းသိမ်းစောင့်လာသူများမှာ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်များပင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဗုဒ္ဓဘာသာ သမိုင်းနှင့် ဝင်သိန်းဦး၏ သူရဿတီဆိုသည်မှာ ကို အကျဉ်းတင်ပြပါသည်။

No comments:

Post a Comment