Tuesday, May 1, 2012

အဖေလို့ သိတတ်ချိန်မှာ...အဖေ..မရှိတော့ပါ

“ဟဲလို..ဟဲလို..ကြားရလား”
“ ဟဲလို.. ဟဲလို…မကြားရဘူး အသံကျယ်ကျယ်ပြော…။”
“ ကနေဒါက ..ဦဇင်း ဖုန်းဆက်နေတာပါ..”
“ဩော်..ကြားရပြီး ..ကြားရပြီး….. ဦးဃောသကလားဘုရား”

“အေး..အေး.. ဟုတ်တယ် ..ဟုတ်တယ်..။”
“နေကောင်းလားဘုရား”
“ကောင်းတယ်..ကောင်းတယ်..။”
ဒါပေမယ့် ညက အိမ်မက် ..မက်လို့..။  “အဖေအတွက် ရည်စူးပြီး ပညာဒါန အဖြစ် တည်ဆောင်ထားတဲ့ ရွာက စာကြည်တိုက် ပျက်စီးနေတယ်လို့”  အိမ်မက်  မက်တယ်။ ဘယ်သူမှ စောင့်ရှောက်မယ့်သူ မရှိဘူးတဲ့။

ဩော်..ဟုတ်တယ်ဘုရား… ။
“အမေတို့လည်း မတတ်နိုင်လို့.. စာကြည့်တိုက်လေးကို မပြင်နိုင်သေးဘူး၊  အဖေဆောက်ထားတဲ့ အိမ်ဟောင်လေးကို လုပ်ထားတာဆိုတော့ သွပ်တွေလည်း သံခြေးတက်ကုန်ပြီ၊ နောက်ပြီး အိမ်တိုင်တွေ၊ ထုပ်တွေလည်း ခြစားကုန်းလို့ ယိုင်နေပြီး ဘုန်းဘုန်း။”

“အိမ်… အဲဒါကြောင့်ထင်တယ် ညက .. အိမ်မက် ..မက်နေတာ။”

“မှန်ပါဘုရား..အရှင်ဘုရား .. အမေကို ဘာပြောပေးရလဲ။”

ကောင်းပြီး.. ဘုန်းဘုန်း နောက်ထပ် ငွေသိန်း (၂၀) လောက်ပို့လိမ့်မယ် ..။ ရွာမှ အဖေ့အတွက် ရည်စူးထားတဲ့ စာကြည့်တိုက်ကိုလည်း ပြင်လိုက်၊ ရွာနီးခြောက်စပ် ဆရာတော်များကိုလည်းး ပင့်ပြီး အဖေ့အတွက် ရည်စူး ကုသိုလ်လုပ်လိုက်နော်။ နောက်ပြီး စာကြည့်တိုက်နာမည်ကိုလည်း အဖေနာမည်နဲ့
ဦးငယ်မောင် စာကြည့်တိုက်” လို့ နာမည်ပေးလိုက်သိလား။

“မှန်ပါ့ဘုရား .. တပည့်တော် အမေနဲ့တိုင်ပင်ပြီး ဆောင်ရွက်လိုက်ပါမယ်ဘုရား။”

အဖေ ဦးငယ်မောင် တည်ဆောက်ထားသော အိမ်ကို စာကြည့်တိုက်အဖြစ် ပြန်လည် မွန်မံထားပုံ

စာရေးသူတစ်ယောက် ညက .. အဖေ့ အတွက်ရည်စူး တည်ဆောက်တာတဲ့ စာကြည့်တိုက် အကြောင်း အိမ်မက် မက်တာနဲ့ ရန်ကုန်မှ ညီကို ဖုန်းဆက်ကြည့်တာ .. အိမ်မက်ထဲအတိုင်း အတိအကျ.. ရွာမှ စာကြည့်တိုက် ပျက်စီးနေကြောင်းသိရသည်။ 

ဩော်… လွန်ခဲ့သော နှစ်လေးဆယ်လောက် ဘဝတပါး ပြောင်းသွားသော ခမည်တော်များ အိမ်မက်လာပေး လေသလားမသိ..။ တွေးရင်းဖြင့် စာရေသူးတို့မိသားစု အတိတ်က..ဘဝဖြစ်စဉ်တွေ တစီတတန်းကြီး အတွေးထဲ ဝင်ရောက်လာသည်။

အဖေသည် ရိုးသားသူ၊ အလုပ်ကြိုးစားသူဟု လူသိများသည်။  အဖေသည်..  ဘာသာရေးတွင် ကိုင်းရှိုင်ပြီး ရိုးသားလွန်း၍ အသက်ကြီးမှ မိဘများ အိမ်ထောင်ချပေးသော တရွာသူ အမေနှင့် ဘဝ လက်တွဲဖော်   ဖြစ်ခဲ့ရသည်။ စာရေးသူမိသားစုတွင် ယောင်္ကျာလေး (၆) ရောက် မိန်းကလေး (၂) ထွန်းကာပြီး စာရေးသူသည် နို့ညာခေါ် ဒုတိယမြောက် သာငယ်ဖြစ်သည်။

ဖခင်ကြီး ကွယ်လွန်ချိန်တွင် .. စာရေးသူမှာ သုံးနှစ်ကျော် လေးနှစ်မျှသာ ရှိဦးမည် .. ဘယ်အရာမှ ကွဲကွဲ   ပြားပြား မမှတ်မိသေး၊ ရွာမှ လူတွေက “ဦးငယ်မောင်ကြီး .. ယာခင်းထဲမှာ..နွားစာရိတ်ရင်း   မျှောသွားလို့တဲ့ မျှောသွားလို့တဲ့” စတဲ့ မသဲမကွဲ စကားသံဖြင့် အဒေါ်တစ်ယောက်   ပွေ့ချီခေါ်သွားကာ အဖေ နောက်ဆုံး လဲလျှောင်းရာ ယာခင်ထဲသို့ေ ရာက်သွားခဲ့သည်။ နောက်ဆုံး အဖေ.. ဘယ်ဆေးရုံမှာ မပို့လိုက်ရ..အဲဒီ ယာခင်းထဲမှာပင် အသက်ထွက်သွားခဲ့ပါသည်။ ရွာက လူကြီးတွေ ပြောကြာတာကတော့ “ ရေးချိုးမှားလို့ အပူရှပ်ပြီးသေတာတို့၊ အစားမှားလို့ သေးတာတို့ ၊ မကောင်းဆိုးဝါးကြောင့် သေတာတို့”  စသည့်စသည့် အကြောင်းအရာတွေကတော့ ကြားရတာမျိုးစုံ ပါပဲ။ ခေတ်စကားနဲ့   ပြောရရင်တော့   နှလုံရောဂါနဲ့ နှလုံး ခုန်းနှုန်း ရပ်ပြီး အဖေဆုံးသွား တာဖြစ်နိုင်ပါသည်။
ဖခင်ကြီးအား ရည်စူး၍ လှူဒါန်းသော ရွာကထိန်ပွဲ


စာရေးသူတိုလည်း ငယ်ရွယ်သူ ဆိုတော့ အမှတ်တမဲပါပဲ၊ အမကြီး လုပ်ထားလို့ အဖေ့ အုဋ္ဌ်ဂူလေးရှိကြောင်း  သိရသည်။  အဖေ့အုဋ္ဌ်ဂူလေးဆီသို့ သိပ် မရောက်ဖြစ်.. ဗဟုသုတနည်းပါးသောကြောင့်ပင်၊ ယုတ်စွ အဖေ  ဘယ်နှစ်က ဆုံးပါးသွားသည်ကိုပင် မှတ်တမ်းမရှိတော့ ။ ကျေးလတ်ဖွင့်ဖြိုးမှု   တော်တော် ခေတ်နောက် ကျသော မွေးရပ်မြေ ကျေရွာလေးတရွာပင်ဖြစ်ပါသည်။

အဖေ သေသွားပြီး ကလေး (၇)ယောက်နဲ့ အမေမှာ မိသားစုဘဝကို ရုန်းကန်ရတော့သည်။  စာရေးသူနှင့် အတူ ညီငယ်က နို့စို့နဲ့နို့ညာ လက်လွတ်လို့ မရသေး၊ ဒါကြောင့် အကိုကြီး၊ အမကြီးများ  အတန်းပညာ လေးတန်းကိုပင်  ပြီးဆုံးအောင် မသင်နိုင်တော့၊ မိသားစု ဘဝရပ်တည်ရေး အတွက်   ကျောင်း ထွက်ခဲ့ကြရသည်။  အကိုတွေ၊အမတွေ အမေ့ကို ဝိုင်းကူရင်းဖြင့်.. ဘဝခရီးကြမ်းကို   ကျော်ဖြတ်ခဲ့ရသည်။ ဦးနေဝင်းအစိုးရ လက်ထက်တွင်  ကျေးလတ်ဒေသမှာ ဆံရှားခြင်း ကပ်ဆိုက်၍   ပြောင်းဖူး စသည်ကို ထမင်းအဖြစ် ကလေးဘဝက စားရသည်ကို မှတ်မိသေးသည်။ ဒီအဖြစ်အပျက်များကို ယခုလိုသိတတ်ချိန် ပြန်လေ့လာကြည့်တော့  ဆံရှားခြင်းမှာ မြန်မာနိုင်ငံတွင် ဆံ မရှိ၍မဟုတ် ၊ ဆိုရှယ်လစ်အစိုးရ ဥပဒေအရ တနယ်နှင့်တနယ် ဆံသယ်ယူခွင့် မရှိသောကြောင့်ဟု   လေ့လာတွေ့ ရရှိရသည်။

စာရေးသူတို့ ကျောင်းနေချိန်ရောက်တော့ မိခင်ကြီးက ကျောင်းထားပေးသည်၊  အကိုကြီး အမကြီးများ ပညာမတတ်သော်လည်း ၊  သာငယ်းများကို ပညာတတ်စေချင်တဲ့ စေတနာ အမေ့မှာ ရှိအံ့ထင်သည်။  

ဤအချိန်က.. မြန်မာနိုင်ငံမှာ.. ကျေးရွာတိုင်းလိုလို .. အစိုးရက ပညာရေးကို အားမပေးသောကြောင့် မိဘတိုင်း သားသမီးများကို ကျောင်းထားရကောင်းမှန်မသိကြ ။ လေးတန်းလောက်အောင်ပြီး ရေးတတ် ၊ ဖတ်တတ်လျှင် ကျောင်းထုတ်ပြီး  အိမ်အလုပ်မှာ ကူလုပ်စေခဲ့သည်။ တချို့မိဘများဆို   လောကီတန်း              ကျောင်း မှာ မထားကြပဲ ၊ ဘုန်းတော်ကြီးကျောင်းနှင့် ပညာရေးပြီးဆုံးသူများ ရှိသည်။

စာရေးသူရဲ့ မိခင်ကြီး အမျှော်အမြင်ကြီးသည်ဟု ဆိုရပေမည်။ ဘဝအခက်အခဲ ဘယ်လောက်ရှိရှိ  ညီငယ်နှင့် စာရေးသူတို့ကို ငွေကုန်ကြေးကျ ခံကာ အတန်းပညာတတ်စေခဲ့သည်။  မှတ်မိပါသေးသည်. စာရေးသူ လေးတန်းဖြေမည်လုပ်တော့ အခြားတရွာကို သွားဖြေရမည်။  သို့အတွက် စားစရာ   သောက်စရာများကို ရွာဈေးဆိုင် တစ်ဆိုင်မှာ သွားဝယ်ရင်း ၊ စာရေးသူရဲ့ ပညာရေးကို စကားပြောတာ ပြန်လည် ကြားယောင်မိသည်။

 “ ခင်မြ.. နင့်သား ကျောင်းဆက်ထားလို့လည်း ငွေကုန်ရုံပေါ့ ..သူများတွေလို ရေတတ် ၊ဖတ်တတ် တော်ပြီပေါ့ ရွာမှာပဲ အလုပ်ပြန်လုပ်မှာပဲ။ စာတွေ အများကြီးတတ်စရာမလိုပါဘူး”တဲ့ ဈေး ဆိုင်ပိုင်ရှင် ရွာမှ စာတတ် ပေတတ် အဘိုးတစ်ယောက် ပြောသံကို ကြားခဲ့ရသည်။  ဤစကားမျိုးမှာ ရွာမှာ လူကြီးလူကောင်းတော်တော်များများ  ပြောသော စကားများပင်ဖြစ်၏။ ဤတုန်းက အမေသည် ..ဘာတခွန်းမှ ပြန်ပြောသံ မကြားခဲ့ ၊ မပြောတတ်လို့လား ၊ သို့မဟုတ် ရည်မှန်းချက်ကြီးမားလို့လား စာရေးသူ ကွဲကွဲပြားပြား မသိခဲ့ရပါ။
ဖခင်ကြီးအတွက် အလှူပွဲတွင် ရွာသားများ မောင်ရွှေရိုး အကဖြင့်


အဖေနဲ့ စကားကောင်းကောင်း မပြောခဲ့ရပေမယ့်၊ အဖေဆိုတာ ဘယ်လိုလူမျိုးဆိုတာ ကွဲကွဲပြားပြား မသိခဲ့ရပမယ့် ၊ ရွာမှ ဦးကြီး ဦးလေးများ ပြောပြချက်အရ.. အဖေသည် ဘာသာရေးသမား တစ်ယောက်ဖြစ်ကြောင်း ၊ လူပျိုဘဝကင်   ဆယ်ရက် ၊ သတင်းတပတ် တောထွက်ကာ တရားကျင့် ဖူးကြောင်း ၊ သူ့သား၊ သမီးတွေကို ပညာတတ်တွေ ဖြစ်စေလိုကြောင်း၊ အတွေအခေါ်မှာလည်း ရွာသားများနှင့် မတူ တမူထူးခြားကြောင်း ယုတ်စွ.. ရွာမှလူတိုင်း  နွားဖြင့်လုပ်ကိုင် စာသောက်နေတာကို၊ လယ်ထွန်စက်များဖြင့် လုပ်ကိုင်သော အဆင့်ကိုပြောင်းလဲလိုကြောင်း။ ဘာသာရေးပွဲတိုင်းတွင်  ခေါင်ဆောင်စိတ်အပြည့်ဖြင့် ဦးဆောင်လေ့ရှိကြောင့် စသည်များကို လေ့လာတွေ့ရသည်။

စာရေးသူတို့ လေးတန်းအောင်ပြီး လူဖြစ်စ အချိန်အထိ ဖခင်ကြီးရဲ့ ကျေးဇူးတရားများကို ကောင်းကောင်း အသိအမှတ် မပြုတတ်သေး။ မြန်မာနိုင်ငံ၏  အသိပညာပေး အားနည်းသောကြောင့်ဟုထင်ပါသည်။ စာရေးသူတို့ ရန်ကုန်ရောက်တော့မှ စာရေးဆရာ ဦးသုခ၏ အသိပညာပေးလှုပ်ဆော်မှုကြောင့် မိဘကျေးဇူး တရားများ ကောင်းကောင်း သိလာရသည်။ နိုင်ငံခြားရောက်တော့လည်း ပညာပေး စားအုပ် စာတန်များ ဖတ်ရင်းဖြင့် မိဘကျေးဇူးများ  ပိုမိုနားလည်လာရသည်။

ယခုလို့ မိဘကျေးဇူး၊ အဖေ့အကြောင်းကောင်းကောင်းနာလည် လာချိန်တွေ အဖေဆိုတာ စာရေးသူတို့ ဘဝမှာ မရှိတော့ပါ။   အဖေ ဘဝဆုံးပါးစဉ်က အသက် (၄၅)  ကျော်ဟု ခန့်မှန်းရပါသည်။ နိုင်ငံခြားမှာ သာသနာပြု ရောက်ချိန်တွင် အဖေမျှော်မှန်ထားသော ..  နွားများနှင့် ပင်ပန်းကြီးစွာ တောင်ယာ လုပ်စရာမလိုပဲ စက်မှု၊လယ်ယာလုပ်ငန်းများ နိုင်ငံခြားမှာ ထွန်းကားနေပြီးဖြစ်ကြောင်း အဖေကို   ပြောပြချင်သည် သို့သော်.. အဖေ မရှိတော့ပါ။ အဖေ သိချင်တတ်ချင်သော   မြတ်ဗုဒ္ဓတရာတရားဒေသနာ၊ အဘိဓမ္မာဒေသနာ များ သားဘုန်းကြီး ဟောတတ် ပြောတတ်ပါပြီ အဖေ နာယူလှည့်ပါဟု ပြောပြချင်သည် သို့သော်… အဖေဆိုတာ မရှိတော့ပါ။

အဖေဖြစ်ချင်သော သားသမီးများအား ပညာတတ်တွေဖြစ်စေချင်သည် ဟူသောအချက်မှာတော့… တိုင်းပြည် အခြေအနေကြောင့် အဖေ့ဆန္ဒ မပြည့်ဝခဲ့ပါ။  သို့သော်.. သားဘုန်းကြီးတပါးတော့ တတ်နိုင်သလောက် ကြိုးစားနေပါသည် .. အဖေ အနည်းငယ် ကျေနပ်မည်ထင်ပါသည်။
အဖေ့အတွက် အလှူတွင် ရပ်မိ ရပ်ဖများ


မြန်မာနိုင်ငံတွင် စာရေးသူကဲ့သို့.. မိဘနှစ်ပါး မဆုံးပါးသင့်ပဲ  ဘဝအခြေအနေအရပ်ရပ်ကြောင့် ဆုံးပါးသွားရသူ များ ရှိပေမည်။ သို့အတွက်ကြောင့် နောင်လူငယ်များ အသိပညာရစေဖို့ အမိမွေးရပ်မြေတွင် တတ်စွမ်းသလောက် အဖေ့ရည်စူးပြီး စာကြည့်တိုက်လေး ဖွင့်ထားပါသည်။ နောင်လည်း တတ်စွမ်းသလောက် ကျေးလတ်ဖွင့်ဖြိုးရေးများ ဆောင်ရွက်ဖို့ သံဒိဋ္ဌာန်ချရင်းဖြင့်.. အဖေလို့ သိတတ်စ အချိန်တွင်… ဘဝပါးပြောင်းသွားသော ဖခင်ကြီးအား ကျေးဇူးဆပ်လိုက်ပါစေ..။

ဖခင်ကြီး .. ရောက်ရာဘဝမှာ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ပါစေ…။

No comments:

Post a Comment