Wednesday, March 21, 2012

ရင်ထဲမှာ ရှိဆဲဖြစ်သော ဒကာကြီးဒေါက်တာ ဖေညွန့် အမှတ်တရများ


မတ် ၁၇ . ၂၀၁၂ တွင် ..ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင် ကွယ်လွန်သွားသော ဒကာကြီး ဦးဖေညွန့် အမှတ်တရ...

ဒကာကြီးသည် ဆေးပညာလောက ၊ ဆရာဝန်လောကတွင် ထင်ရှားကျော်ကြား လူသိများသူ၊ မနန်းစိုး၊ မနန်းစံ ရင်ချင်းဆက်မွှာကို အောင်မြင်စွာ ခွဲစိတ်ပေးသော ဆရာဝန်ကြီးဟု ထင်းရှားသော်လည်း  စာရေးသူ ဆေးပညာလောကသား မဟုတ်၍ အသေးစိတ် ဖော်မပြတတ်ပါ။

ဒကာကြီးသည် အမျိုးအနွယ် ၊ မိတ်ဆွေလောကတွင် မှတ်တမ်းတင်လောက်အောင် ထင်းရှားသော်လည်း  စားရေးသူ သမိုင်းမှတ်တမ်း မတင်တတ်ပါ။

ဒကာကြီးသည် ကနေဒါနိုင်ငံ ၊ တိုရန်တိုမြို့ မြန်မိသားစုများ အားထား လေးစားရသော ပုဂ္ဂိုလ်တစ်ယောက် အဖြစ် လူးတိုင်းက လေးစား ဂါရဝပြုကြသော်လည်း.. စာရေးသူနယ်ပယ်မဟုတ်၍ အသေးစိတ်ကို ပြောမပြတတ်ပါ။ 

စာရေးသူ အမှတ်ရနေသော ဒကာကြီး ဦးဖေညွန့်ကား….

ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော် ဒေါက်တာဖေညွန့်

(၁) 

စာရေးသူဟာ ၂၀၀၄-ခု မေလ ကနေဒါနိုင်ငံ တိုရန်တို မဟာဓမ္မိက ကျောင်းသို့ရောက်ပါတယ်။ မေလမှာ ဆိုတော့ နိုင်ငံခြားတိုင်ပြည့်ရဲ့  ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကို ဦးစွာပထမ ကြုံတွေ့ရခြင်းဖြစ်ပါတယ်။   စာရေးသူ ဦးစွာဆင်နွှဲလိုက်ရတဲ့ ဗုဒ္ဓနေ့ပွဲတော်အလှူရှင်ကား.. ဒေါက်တာဖေညွန့်+ ဒေါ်ကြည်ကြည်ညွန့် မိသားစုပင်ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒကာကြီး ဦးဖေညွန့်မိသားစုနှင့် စတင်ရင်းနှီးခွင့် ရခဲ့ပါတယ်။  ဒကာကြီးမိသားစု လျှောက်ထားချက်အရ.. ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကို မဟာဓမ္မိကကျောင်း စတင်တည် ထောင်ကတည်းကလှူဒါန်းလာတာ ယခုဆို (၁၀) ကျော်ပြီဟုသိရပါတယ်။ တပည့်တော်များ ကွယ်လွန် သွားသော်လည်း သား၊သမီးများကို ဗုဒ္ဓဓမ္မ အမွေအနှစ်အဖြစ် ဆက်လက် လက်ဆင့်ကမ်းသွားမည် ဖြစ်ကြောင်း လျှောက်ထားပါတယ်။ 

မဟာဓမ္မိကကျောင်းဆရာတော်များ ပြောပြချက်အရ… ကျောင်းတော်ကြီးအသစ်ဆောက်လုပ်မည်ဟု.. စည်းဝေးစဉ်က.. ဒကာကြီး ဦးဖေညွန့်မိသားစုမှ အမာခံအဖြစ် အများဆုံး လှူဒါန်းသွားကြောင်း မှတ်တမ်း တွေ့ရပါတယ်။  အသင်းနှင့်ကျောင်းတော်ကြီး တိုးတက်ရေးအတွက်ဆိုလည်း ပြောစရာရှိရင် မည်သူ့မျက်နှာမှ မထောက်ထားပဲ .. ပွင့်ပွင့်လင်းလင်း ထောက်ပြ ပြောပြတတ်တဲ့ ဒကာကြီးဖြစ်ပါတယ်။ ဥပမာ… ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို လှူဒါန်းကျွေူးမွေးသော်လည်း safety မဖြစ်သော နေရာတွင် ချက်ပြုတ်လေ့မရှိ ၊ safety မဖြစ်သော မြန်မာ အစားအစာများကို ကျွေးလေ့ ကျွေးထမရှိပါ။
  
သာသနာအတွက် ၊ အသင်းအတွက် အမျှော်အမြင်ကြီးမားပေစွ…..

(၂)
ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင် ..မြန်မာလူမျိုးစုများ ၊ မြန်မာလူငယ်များ တိုးတက်ရေးကိုလည်း အထူး အားပေးသော ဒကာကြီးတစ်ယောက်ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်.. နိုင်ငံခြားတိုင်းပြည်ရောက်   မြန်မာများ အချို့ ၈၈-နောက်မှ ရောက်းလာသော ကျောင်းသားမိသားစုများနှင့် အရောတဝင် မနေလိုကျ၊ ဒါကြောင့် ပြည်ပရောက်မြန်မာများတွင်.. ပတ်စပို့အုပ်စုနှင့် ကျောင်းသားအုပ်စုဟု ကွဲကွဲပြာပြား ဆက်ဆံမှု ရှိလာပါတယ်။ ဒကာကြီးက ဤသို့မဟုတ် မည်သူက ဖိတ်ဖိတ်.. တလေးတစား သွားရောက် အားပေးတတ်ပါတယ်။  မည်သူနှင့်တွေ့တွေ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပါတယ်။   မှတ်မိပါသေးတယ်.. စာရေးသူ  ၂၀၀၆-ခု မတ်လ ကလေးများ Spring break ကျောင်းပိတ်စဉ်က မြန်မာ ကလေးငယ်များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းပေးစဉ် တကူးတက ဖိတ်စာရာမလိုပဲ.. လာရောက် အားပေးတာကို စာရေးသူ အထူးကြည်နူး အမှတ်ရနေဆဲပါ။ 

မြန်မာလူမျိုးများအတွက် အမျှော်အမြင်ကြီးမားပေစွ…..

အလှူဒါန လက်နှင့်မကွာ

(၃)
စာရေသူက. ဘုန်းကြီး ဖြစ်နေတော့ နိုင်ငံခြားတိုင်ပြည် ရောက်နေသော်လည် အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ်ပါ။ ဒီအားနည်းချက်ကိုမြင်တဲ့ ဒကာကြီးက.. “ဦးဇင်း… ကျောင်းတက်.. ကလေးတွေနဲ့ အင်္ဂလိပ်လို ပြော ဒါမှ အင်္ဂလိပ်တတ်မှာ” ဟု ဆိုကာ .. စာရေးသူကို  Seneca College ကို သင်တန်းကြေး သွားလာ စရိတ်၊ စာအုပ်စာတန်းစသည်တို့ကို ပေးလှူ၍ သင်တန်း (၅) ခုတိုင်အောင် တက်ခဲ့ရပါတယ်။   ၂၀၀၆-ခု စက်စကာ တွန်း မေတ္တာဝိဟာရီကျောင်းသစ် ပေါ်ပေါက်လာတော့မှ. ..ဒကာကြီးမိသားစုမှ သင်းတန်းကြေး လှူဒါန်း ထားသော်လည်း တာဝန်တဖတ်ရှိနေတော့ ကျောင်းဆက်မတတ်ဖြစ်တော့ပါ။ သို့သော်လည်း စာရေးသူ ကျောင်းတက်ချင်ရင် ဆက်လက်လှူဒါန်းပေးမည်ဖြစ်ကြောင်းကိုလည်း မကြာကြာ လျှောက်ထားဖြစ်ပါတယ်။

စာရေးသူအတွက် အမျှော်အမြင်ကြီးမားပေစွ……

(၄)
စာရေးသူဟာ တိုရန်တို မဟာဓမ္မိကကျောင်းမှာ သတင်းသုံးစဉ်က.. လူငယ်ဆိုတော့ ကျောင်းဝေယျာဝစ္စ၊ အားလုံးဆောင်ရွက်ပါတယ်။ ဒီလို အတိုအထွာဖြင့် အချိန်ကုန်နေတာကို ဒကာကြီးမှ .. မဖြစ်စေလိုပါ... ဒါကြောင့် အွန်လှိုင်မှ နေ့စဉ်နေ့တိုင်း အင်္ဂလိပ်စားဖြင့် ဓမ္မစာပေများကို ဖတ်ကြား၊ သင်ကြားပေတာ…

·         K.Siri Dhammanada ရေးတဲ့ What Buddhists Believe
·         Dr. Revatadhamma ရေးတဲ့  The Buddha’s Prescription
·         Dr. Walpola Ruhara ရေးတဲ့  What the Buddha Taught
·         Dr. U Silananda ရေးတဲ့  Four Foundations of Mindfulness

စာအုပ်လေးအုပ်ကို ကုန်းဆုံးသည့်အထိ သင်ကြားပေးခဲ့ပါတယ်။
စာဖတ်တဲ့အခါမှာ ဒကာကြီးဟာ အချိန်တိကျလေ့ရှိပြီး တစ်ခါတစ်ရံ စာရေးသူမှ .. အလုပ်ရှုပ်နေရင်.. “ ဒါတွေ နောက်မှ လုပ်စမ်းပါ” ဆိုကာ နေစဉ်မပြက် သင်ကြားပေးခဲ့ပါတယ်။
တစ်ခါတရံ  အင်္ဂလိပ်လို အသံထွက် မပီသရင်လည်း… တိတိကျကျ အကြိမ်ကြိမ်အခါခါ ရွတ်ဆိုခိုင်း   လေ့ရှိပါတယ်။

စာရေးသူတွက်..အမျှော်အမြင်ကြီးမားပေစွ…

အချုပ်ဆိုရသော်.. ဒကာကြီး၏  စိတ်နေသဘောထား…၊ ဒကာကြီး၏ မမျှော်အမြင်ကြီးမားမှု… ဒကာကြီး၏ အမျိုးဘာသာ၊ သာသာနာအတွက် လုပ်ဆောင်ချက်များကာ.. ဒကာကြီး ကွယ်လွန်သွားသော်လည်း   နောင်လာ နောင်သားများ ရင်ထဲနှလုံးသားထဲမှာ ရှိနေဆဲပါ….ဟု…….။

အရှင်ဃောသက
ဗုဒ္ဓရံသီဆရာတော်

No comments:

Post a Comment