များမကြာမှိမှာပဲ.. သားလေး တစ်ယောက်မွေးဖွားခဲ့သည်။..သားလေး မွေးဖွားတုန်းက အပျော်ဆုံးသူဟာ မောင်ပါပဲ၊ ကျေနပ်သော အပြုံးများ၊ ဝမ်းသာသော အပြုံးများဖြင့် မောင်တစ်ယောက် အပြုံး မျက်ရည်များ ဝေခဲ့ရသည်။ သားဦးလေးက မောင်နဲ့အချစ်တို့ရဲ့ ပထဦးဆုံး အချစ်သက်သေ မဟုတ်ပါလား။
သားလေးရပြီး မောင် အလုပ်တွေ ပိုကြိုးစားခဲ့သည်။ တခါတရံ အလုပ်နှစ်ခုလုပ်ခဲ့ရသည်။ ကိုယ့်တို့ရဲ့ အချစ်အိမ်လေးမှာ ချစ်စရာတစ်ယောက် တိုးလာပြီကို ။ အဲဒီတုန်းက အချစ်က အိမ်မှာနေ သားလေးကို စောင့်ရှောက်ရင်းနဲ့ တရားစိဒီတွေ နားထောင်လို့.. တရားစာအုပ်တွေဖတ်နဲ့ မောင်အလုပ်က ပြန်လာရင် တရားဟောပြလိုက်တာ နားထောင်လို့တောင် မပြီးနိုင်ပါဘူး။
အချစ်က ပရိတ်ကြီး (၁၁) သုတ် အကုန်းလုံးလိုလိုရတယ်၊ တရားဦးဓမ္မစကြားတရားဆိုလည်း တက္ကသိုလ်ဓမ္မစကြာဝတ်အသင်းမှာ အချစ်က ပါဝင်ရွတ်ဆိုဘူးတော့ ဓမ္မစကြာဒေသနာကိုလည်း ဘုရားရှေ့မှာ ရွတ်ဆိုပူဇော်တာ မကြာမကြား မောင်ကြားနေရတတ်သည်။
ဓမ္မစကြာတရားထဲက အချစ်အမြဲရွတ်နေတဲ့ စာပိုဒ်လေး တစ်ပိုဒ် ယခုထိ မောင်ကြားယောင်နေဆဲပါ၊ “ပိယေပိ ဝိပ္ပယောဂေါ ဒုက္ခော ၊ အပိယေပိ သမ္ပယောဂေါ ဒုက္ခော” ချစ်သော သူနဲ့ ခွဲခွာ၍ နေရခြင်းကလည်း ဒုက္ခ၊ မချစ်သောသူနဲ့ အတူနေရခြင်းကလည်းဒုက္ခတဲ့ ။ အဲဒီစာပိုဒ်လေးက မောင်ရဲ့ ဝေဒနာကို ဆွပေးနေသလိုပါပဲ။
နောက် အချစ်ကပြောသေးတယ် ပရိတ်ကြီး (၁၁) သုတ်ထဲမှာ မေတ္တာသုတ်ကို ပိုပြီးသဘောကျတယ်တဲ့၊ လောကကြီး အေးချမ်းသာယာနေတာ မေတ္တာကြောင့်တဲ့။ သတ္တဝါတွေ မေတ္တာမရှိကြရင် ကမ္ဘာကြီး လောဘမီးတွေ ဒေါသမီးတွေ လောင်ကုန်မှာတဲ့။
ဒီတော့ မောင်က ကဲကဲ မေတ္တာရှင်မကြီး မေတ္တာသုတ်ကို ဝိတ္ထာချဲ့စမ်းပါဦးဆိုတော့။ 'ယဿာနုဘာဝတော' အစချီလို့ မေတ္တာသုတ်ပါဠိတော်ကို ဒိုးဒိုးဒေါက်ဒေါက် ရွတ်ပြခဲ့တာ ခုထိကြားယောင်ဆဲပါ။
မြတ်စွာဘုရား မေတ္တာသုတ်ကို ဘာကြောင့် ဟောရသလဲလို့ မောင်ကမေးတော့ အချစ်ကပဲ မေတ္တာသုတ် နောက်ခံ သမိုင်းကြောင်းကို ပြောပြတခဲ့တယ်မဟုတ်လား။
မေတ္တာသုတ် အကြောင်းကတောတဲ့ အခါတပါး ရဟန်းငါးရာတို့ဟာ မြတ်ဗုဒ္ဓထံမှ ကမ္မဋ္ဌာန်းယူပြီး ဟိမဝန္တာနှင့်တစပ်တည်း တည်နေသော တောအုပ်တခုသို့ ဝင်ရောက်ကာ သစ်ပင်ရင်းမျာ၌ တရားအားထုတ်နေကြသတဲ့၊ ထိုရဟန်းတော်တို့၏ သိလ တန်ခိုးကြောင့် သစ်ပင်များရှိ နတ်များ သစ်ပင်၌ မနေဝံကြပဲ ကလေးများကို လက်ဆွဲကာ လှည့်လည်နေကြရကုန်သတဲ့၊ တနေ့ ပြန်နိုးနိုး စောင့်နေခဲ့ရာ အရှင်များ မပြန်တော့မည်ကို သိရ၍ မနေဝံ့အောင် ညဥ့်အခါ ကြောက်မက်ဖွယ် အဆင်းအသံများပြကာ ခြောက်လှန့်ကြသတဲ့၊ ဒါတွေကို ရဟန်းတော်များ ထိတ်လန့်ကြ၍ ရောဂါအမျိုးမျိုးရကာ သမာဓိမရဖြစ်ကြကာ မိမိတို့ ဒီအရပ်မှာ မနေသင့်ဟု ဆုံးဖြစ်ပြီး ဘုရားရှင်ထံ ကြွရောက်၍ ဤအကြောင်းကို လျှောက်ထားကြသတဲ့၊ မြတ်စွာဘုရားဟာ ဤရဟန်းတော်များ ထိုနေရင်း အရပ်မှလွဲ၍ သပ္ပါယဖြစ်ရာ အခြားအရပ်မရှိဟု မြင်တော်မူလို့ ထိုအရပ်သို့ပင် ပြန်လည်နေကြရန် မိန့်တော်မူပြီး မေတ္တာသုတ်ကို ကမ္မဋ္ဌာန်းအလို့ငှာလည်းကောင်း အန္တရာယ် အကာအကွယ်အရံအတား အလို့ငှာ လည်းကောင်း သင်ကြားပေးသတဲ့၊
ရဟန်းတော်များလည်း ပြန်လာကြပြီး ဘုရားရှင် သင်ကြားပေးညွှန်ကြားအပ်သည့်အတိုင် မေတ္တသုတ်ကို ရွတ်ဆိုကာ မေတ္တဘာဝနာကို ပွားများကြရာ နတ်အများ ချစ်မြတ်နိုးကြလျှက် ဝတ်ကြီးဝတ်ငယ် များပင် ပြုလုပ် စောင့်ရှောက်ကြသတဲ့ ၊ ထိုရဟန်းများ မေတ္တာဘာဝနာပွား၍ ထိုမေတ္တသုတ်ကို အခြေခံကာ ဝိပဿနာ အားထုတ်ခြင်းဖြင့် ဝါတွင်းမှာ ပင်ရဟန္တာအဖြစ်သို့ရောက်ကြကုန်သတဲ့။
အချစ်ပြောပြတဲ့ မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကို မောင်ကြားယောင်ဆဲပါ။
မောင်လည်း အချစ်ပြန်လာအောင် မေတ္တာသုတ် အခေါက်ခေါက် အခါခါ ဘုရားညွှန်ပြသလို ရွတ်ရမလိုဖြစ်ပါပြီ သို့သော်ငြားလည်း မောင်ပဲ သမာဓိမကောင်းလို့လား အချစ်ကပဲ မောင့်မေတ္တာကို လက်မခံနိုင်တော့လို့လား အချစ်နတ်ကြီး ပြန်မရောက်လာတာ ခုထိပဲ မဟုတ်လား။
အချစ်ရွတ်နေကြ မေတ္တသုတ်ထဲက ဒီစာပိုဒ်လေးတွေကိုလည်း ကြားယောင်နေပါသေးတယ်..
“မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တ မနုရက္ခေ ၊
ဧဝမ္ပိ သဗ္ဗဘူတေသု ၊မာနသံ ဘာဝယေ အပရိမာဏံ” ဆိုတဲ့ စာပိုဒ်ကိုလေ၊
အချစ်ပဲ အဓိပ္ပါယ်ရှင်းပြခဲ့ပါတယ်။
“မွေးမိခင်သည် မိမိရင်နှစ် သားရင်းဖြစ်သော တဦးတည်းသော သားကို မိမိအသက်ဖြင့်သော်ပင် အစဉ်မကွာ ကာကွယ် စောင့်ရှောက်သလို ထို့အတူ အလုံးစုံသော သတ္တဝါတို့၌ှအတိုင်း အတာမရှိသော မေတ္တာကို အကြိမ်အကြိမ်အခါခါ ပွားများရာ၏”တဲ့။
လောကမှာ ချစ်သူ မုန်းသူရယ်လို့ မရှိသင့်ဘူးတဲ့ အားလုံးသော သတ္တဝါတွေဟာ ကိုယ့်သွေး ကိုယ့်သားလို သဘေားထားပါတဲ့ ဒီမေတ္တာသုတ်ရဲ့ ညွှန်ပြချက်ကို အချစ်ပဲ ကြိုက်အနှစ်သက်ဆုံးလို့ ပြောခဲ့တယ်မဟုတ်လား။
ယခုတော့ အချစ်မှာ အမုန်းဆုံးလူ မောင်ဖြစ်နေပြီထင်တယ်၊ အချစ်ကပဲ လူတွေကို မေတ္တာသုတ်ထဲကလို မေတ္တာမထားတတ်တော့တာလား၊ သို့တည်းမဟုတ် မောင့်ထက် ပိုချစ်ရမည့်သူများ ရှိလာတာလား၊ မောင်နဲ့အချစ်တို့ ဒီဘဝဤမျှနဲ့ပဲ အချစ်ကံကုန်လေသလား မပြောတတ်ပါ။
အဲဒီနောက် များမကြာမှီမှာပဲ .. သမီးလေးတစ်ယောက် ထပ်မွေးတော့လည်း အချစ်နဲ့မောင်တို့ ပျော်ပျော်ရွင်ရွှင် သာသာယာယာ အချစ်အိမ်ထောင်လေးပါပဲ။ အချစ်ဧည့်သည် နှစ်ယောက်တိုးလာတော့ မောင် အလုပ်တွေ ပိုကြိုးစားရတာပေါ့။
အချစ်လည်း ကလေးနှစ်ယောက်နဲ့ အိမ်မှုကိစ္စနဲ့ အလုပ်တွေ ပိုများခဲ့သည်မဟုတ်လား၊ သို့သော်ငြားလည် အိမ်မှာပဲနေတော အချစ် တရားဓမ္မတွေကို ဆက်လက်လေ့လာဖြစ်တယ် ၊ နားထောင်ဖြစ်တယ် ၊ မောင် ညနေ အလုပ်က ပြန်လာရင် အချစ်နဲ့ မောင်တို့ တရားကြောင်းတွေ ဆွေးနွေးဖြစ် တိုင်ပင်ဖြစ်ကြတယ်။ အချစ်က ဓမ္မာစရိယ ဦးဋ္ဌေလှိုင်ရေးတဲ့ ‘မေတ္တာဝါဒ’ ကိုဖတ်ပြီး မကြာမကြား မေတ္တာအကြောင်းကိုပဲ ဆွေးနွေဖြစ်ခဲ့ကြတာ မှတ်မိနေဆဲပါ။
အဲဒီအချိန်က သားကတော့ တော်တော်လေး သိတတ်စအရွယ် ကျောင်းတက်နေပါပြီ။
မြတ်စွာဘုရာလက်ထက်က ရဟန်းများပင် တစ်ပါးနှင့်တပါး မေတ္တာမထားတတ်၍ ပြဿနာဖြစ်ရပုံကို အချစ်ပြောခဲ့တာ မှတ်မိနေဆဲပါ။
ကောသမ္ဗီပြည်မှာ ဝိနည်းဆောင်ရဟန်းနှင့် သုတ္တန်ဆောင် ရဟန်းများအဖွဲ့ အချင်းချင်း ဘာမျှ မပြောပလောက်သော အိမ်သာရေခွက်၌ ရေကျန်ခဲ့ခြင်းကို အကြောင်းပြုပြီး စိတ်ဝမ်းတွေကွဲခဲ့ကြသတဲ့၊
တနေ့သောအခါ သုတ္တန်ဆောင်ရဟန်း အိမ်သာသို့ဝင်ပြီးနောက် သန့်သက်ရေခွက်၌ ရေကြွင်း ရေကျန်ထားပြီး အမှတ်မဲ့ ထွက်လာခဲ့သတဲ့ ထိုအခိုက် ဝိနည်းဆောင်ရဟန်း ဝင်လာသောအခါ ရေခွက်ကို တွေ့သဖြင့် ပြန်ထွက်လာပြီး “ငါရှင် ၊ သန့်သက်ရေကြွင်းကို သင် ချန်ထားခဲ့သလား ဤသို့ထားလျှင် အာပတ်သင့်မည်ကို မသိဘူးလား” ဟု ဝိနည်းဆောင်ရဟန်းကမေးတော့ မသိ၍ ထားခဲ့မိကြောင်း ရိုးသာစွာ ဝန်ခံလျှောက်းထားသတဲ့ ၊ အာပတ်သင့်လျှင်လည်း ဒေသနာကြား ကုစားပါမည်” ဟုလျှောက်ထားသတဲ့ ၊ “မေ့လျော့ပြီး ထားခဲ့မိလျှင် စေတနာမပါ၍ အပြစ်မရှိ” ဟုပင် ဝိနည်းဆောင်ရဟန်းက ဆုံးဖြတ် ပြောဆိုသဖြင့် သုတ္တန်ဆောင်ရဟန်းမှာ အပြစ်မရှိဟုပင် ယူဆပြီး နေလိုက်သတဲ့၊ တကယ်တော့ ဝိနည်းတော်အရကား မည်သို့ဖြစ်စေ ဒုက္ကဋ်အာပတ်သင့်သတဲ့ ၊ ဝိနည်းဆောင် ရဟန်းကား ရိုးသာစွာ ဝန်ခံလျှောက်ထား၍ အာပတ်မသင့်ဟု ရိုးသာစွာမှတ်ထင်နေသော သုတ္တန်ဆောင်ရဟန်းအား “အာပတ်သင့်လျက် သင့်မှန်းပင် မသိ” ဟု မိမိတပည့်များအား ပြောရာမှ တပည့်အချင်းချင်း ရှုတ်ချ ပြောဆိုနေကြသတဲ့ သုတ္တန်ဆောင် ရဟန်းများကြားတော့ “ဤဝိနည်းဆောင်ရဟန်းမှာ အစက အာပတ်မသင့်ဟု ပြောပြီးမှ ယခု အာပတ်သင့်သည်ဟု ပြောပြန်သည်။ ဝိနည်းဆောင်ရဟန်းသည် မုသားစကား ပြောကြား၏” ဟု မိမိတပည့်များအား ချေပပြောဆိုရာမှ တပည့်အချင်းချင်း အငြင်းပွားကာ ဝိနည်းသံဃာစုက သုတ္တန်းသံဃာစုအား နှင်ထုတ်သော ဝိနည်းကံပွဲ ( ဥပေက္ခနိယကံ) ကိုပြုလုပ်ကြသတဲ့။
ကောသမ္ဗိပြည်၌ ရဟန်းတော်များ ဘာမဟုတ်သည့် ကိစ္စလေးအတွက် ကွဲးကြသောအခါ လူဒကာများလည်း နှစ်ခြမ်းကွဲသွာကြသတဲ့၊ ထိုမျှမက ကျောင်းစောင့်နတ်၊ မြို့စောင့်နတ်၊ စတုမဟာရာဇ်နတ်များမှအစ နတ်ပြည် ခြောက်ထပ် ဗြဟ္မာပြည်နှစ်ဆယ်တိုင်အောင် တစ်လောကလုံးး နှစ်ခြမ်းကွဲကြသတဲ့။
ထိုအကြောင်းကို မြတ်ဗုဒ္ဓကြားတော်မူလို့ နှစ်ပက္ခလုံးအား သံဃာမကွဲပြားအောင် နေထိုင်နည်းများ သံဃာ ညီညွတ်ရေး တရားများကို ဟောကြားတော်မူရသတဲ့၊ သို့ရာတွင် ဘက်လိုက်သည်ဟု ထင်လျှင် ထင်သူမှာ နစ်နာမည် စိုးသဖြင့် မည်သူအားမျှ အပြစ်တင်တော်မမူဘဲ ညီညွတ်အောင်သာ ဆုံးမတော်မူသတဲ့၊ နောက်ဆုံး မြတ်စွာဘုရား ကိုယ်တော်တိုင် ဆုံမ၍ မရလို့ တောထွက်ခါ ပလလည်းတောမှာ တပါးတည်း ဝါကပ်တော်မူသတဲ့၊
အချစ်က စိတ်ဝမ်း မကွဲကြောင်းတရားတွေ၊ မေတ္တာတရားတွေအကြောင်း အပြောများလာတော့ မောင်လည်းစိတ်ဝင်စားစွာနဲ့ ကဲ..ကဲ.. ဒါဆို .. မိသားစုမှာ စိတ်ဝမ်းမကွဲအောင် ဘယ်လိုမေတ္တာ ထားမလဲလို့မေးတော့ အချစ်ကိုယ်တိုင်းပဲ ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်းရဲ့ ‘မေတ္တာဝါဒ’ စာအုပ်ထဲမှာပါတဲ့ မိသားစု မေတ္တာကျင့်စဉ်ဖြစ်တဲ့
၁) မေတ္တာ ကာယကံ ထားခြင်း၊
၂) မေတ္တာ ဝစီကံ ထားခြင်း၊
၃) မေတ္တာ မနောကံ ထားခြင်း၊
၎) မိမိပိုင်ပစ္စည်းများကို မျှဝေ၍ သုံးစွဲခြင်း၊
၅) တူညီသော ကိုယ်ကျင့်သီလရှိခြင်း၊
၆) တူညီသော အယူဝါဒ (အမြင်) ရှိခြင်းတဲ့ စတဲ့ သာရဏီယတရား ခြောက်ပါးကို အချစ်ဖတ်ပြခဲ့တယ် မဟုတ်လား၊
မောင်နားမလည်သေးဘူးဆိုတော့ အချစ်က ထပ်ပြီးရှင်းပြခဲ့သေးတယ်လေ..
(၁) အတူတကွ နေထိုက်ကြသောအခါ ပစ္စည်းအသုံးအဆောင်စသည် မသင့်မတော် ပစ်ထားလျှင်၊ ဖြစ်နေလျှင် ပြုလုပ်သူကို အပြစ်မဖို့ဘဲ မိမိပြုလုပ်ထားသကဲ့သို့ သိုမှီသိမ်းဆည်းထာခြင်း၊ ရှင်းလင်း သုတ်သင်သင့်သည်ကို ရှင်းလင်း သုတ်သင်ခြင်းသည် မျက်မှောက် ကာယကံ မေတ္တာတဲ့၊
အတူနေရာမှ တစ်စုံတစ်ဦးက ခွဲခွာသွားစဉ် မသင့်မတော် ကျန်ရှိရစ်သည်ကိုများကို မရှုတ်ချဘဲ မိမိအမှုကဲ့သို့ သိုမှိး ရှင်းလင်းခြင်းသည် မျက်ကွယ် ကာယကံ မေတ္တာတဲ့
(၂) အတူနေထိုင်စဉ် တစ်ဦးပေါ်တစ်ဦး သာယာချေငံစွာ ပြောဆို ဆုံးမ ညွှန်ပြဆွေးနွေးခြင်းသည် မျက်မှောက် မေတ္တာ ဝစီကံ။ ခွဲခွာနေကြရသော် “ငါ၏မိတ်ဆွေသည် ဤသို့ သီလ၊ သမာဓိ ၊ ပညာဂုဏ်နှင့် ပြည့်စုံသူဖြစ်သည်” စသည်ဖြင့် မျက်ကွယ်ရှိ မိတ်ဆွေ၏ ကျေးဇူးဂုဏ်ကို ပြောဆိုခြင်း၊ တစ်စုံတစ်ဦးက အပြစ်တင် အထင်လွှဲမှားနေလျှင်လည်း အမှန်အတိုင်း ကာကွယ်ပြောဆိုခြင်းသည် မျက်ကွယ် မေတ္တာ ဝစီကံတဲ့၊
(၃) “ငါ၏ မိတ်ဆွေ ချမ်းသာပါစေ” စသည်ဖြင့် အကျိုးလိုလားသော စိတ်ထားခြင်း မေတ္တာမနောကံ ကာ မျက်မှောက် မျက်ကွယ် မထူးခြား အတူတူပဲလို့ ရှင်းပြခဲ့တာလဲ ကြားယောင်နေဆဲပါပဲ။
မြတ်စွာဘုရား မညီညွတ်သော ရဟန်းတော်များဆီမှာ ဖဲခွါ၍ ညီညွတ်စွာ မေတ္တာဖြင့်နေကြသော အရှင်နုရုဒ္ဓါစသော ရဟန္တာကြီးများသုံးဦးထံသွားတော့ အရှင်နုရုဒ္ဓါ လျှောက်ထားသော စကားမှာ အတုယူကျင့်သုံးဖွယ် ကောင်းကြောင်း အချစ်ပဲ ပြောခဲ့သည် မဟုတ်လား။
အရှင်အနုရုဒ္ဓါက.. “မြတ်စွာဘုရား.. တပည့်တော်တို့ သုံးဦးမှာ ကိုယ်ကသာ သုံးကိုယ်ကွဲပြားသော်လည်း စိတ်သည်ကား မကွဲမပြား နို့နှင့်ရေ ရောထားသကဲ့သို့ တစ်သားတည်း တစ်ခုတည်းကဲ့သို့ဖြစ်ပါသည်” တဲ့
မြတ်စွာဘုရားကလည်း မိမိအကြိုက်ကို ဖယ်၍ တစ်ပါးသူ အကြိုက်အတိုင်း လိုက်နာကျင့်သုံးကာ နို့နှင့်ရေ ရောထားသကဲ့သို့ တစ်သဘောတည်း ညီညွတ်သင့်မြတ်ကြပါသည်ဟု လျှောက်ထားတော့ သာဓု သုံးကြိမ်းခေါ်တော်မူသတဲ့။
အဲဒီ ‘မေတ္တာဝါဒ’ စာအုပ်ထဲမှာ ပါတဲ့ ဓမ္မာစရိယ ဦးဋ္ဌေလှိုင်ရဲ့ အမြင်ကို မောင် အကြိုက်ဆုံးပါပဲ။
“စားသောက် နေထိုင်ရေး ကျန်းမာရေး ကိစ္စမျိုးကား အသိဥာဏ်ပညာရှိသူများ မဆိုထားဘိ ၊ အဟိတ်တိရစ္ဆာန် တို့ပင်လျှင် ကျန်းမာ မျှတ၍ တစ်ဝမ်း တစ်ခါးဝရုံကိုမူ အလွယ်တကူ ပြုနိုင်ကြပေသေး၏။
သို့ရာတွင် သတ္တဝါတို့သည် တစ်ယောက်တည်းကိုပင် (ကိုယ့်စိတ်နှင့်ကိုယ်) တည်အောင်မနေနိုင်ကြ၊ ဆန္ဒလည်း အမျိုမျိုးရှိကြသဖြင့် လူများလေ ကွဲပြားလေဖြစ်ရကာ လူလောက၊ နတ်လောက ၊တိရစ္ဆာန်လောက တစ်လောကလုံး၌ပင် ခိုက်ရန် ငြင်းခုံရင်ပင် တစ်သက်တာ ကုန်နေကြရရှာ၏။ ဒီအဆိုအမိန့်ဟာ မောင့်အတွက် ယခုလက်ရှိ တွေ့ကြုံခံစာနေရတာနဲ့ တထပ်ထည်းဖြစ်နေလို့ပါပဲ။
နောက်တစ်ခုက ဤလောကကြီးအတွက်၌ မေတ္တာသက်ဝင် ချစ်ခင်ညီညွတ်စွာ နေထိုင်ကြရသူ ၊ ညီညွတ်ကြသူ၊ ညီညွတ်သောနေရာကား တစ်ရံတစ်ခါမျှသာရှိ၍ အလွန်တရာ ရခဲဖြစ်ခဲ လှဘိ၏။ မညီညွတ်သမျှ ချမ်းသာမှု မရနိုင်။ ထို့ကြောင့် မြတ်ဗုဒ္ဓ သာဓုခေါ်တော်မူပါသည်ဟု ဦးဋ္ဌေလှိုင်က မြတ်စွာဘုရာက အချင်းချင်း ညီညီညွတ်ညွတ်မေတ္တာဖြင့်နေခြင်း ကျေနပ်ဝမ်းမြောက်တော်မူကြောင်း ဖော်ကျူးပေးခဲ့ခြင်းကို မောင် .. အကြိုက်ဆုံးဖြစ်ပါပဲ။
သမီးလေးလည်း တစ်နှစ်လောက်ရှိလာတော့ မိသားစု လေးယောက် တိုက်ခန်း တစ်ခုတည်းမှာနေရတာ အနည်ငယ် ကြပ်သလိုဖြစ်လာတော့ အချစ်ကပဲ စပြီးတိုင်ပင်ဖြစ်ကြတယ်လေ.. “မောင်.. အချစ်တို့ မိသားစုလည်းကြီးလာပြီး အိမ်လေးတစ်လုံး ဝယ်ရရင် မကောင်းဘူးလားတဲ့ ၊ သား၊သမီးတွေလည်း အနည်ငယ် ကြီးလာပြီပဲ အချစ်ကော အလုပ်လုပ်မှာပေါ့တဲ့” ၊ ဒီတော့ မောင်က အချစ်ကို သနားတာနဲ့ ဟာ.. ဘယ်ဟုတ်ပမလဲ့ .. လုပ်စရာမလိုပါဘူး .. သမီးကိုပဲ ကြည့်ထိမ်းပါဦးလို့ပြောတော့ သမီးကို Daycare မှာ ပို့ထားရင် ရပါတယ်တဲ့ နောက်နှစ်ဆို မူကြိုးကျောင်းပို့တော့မှာပဲမဟုတ်လားတဲ့။
အချစ်ဆန္ဒနဲ့ မောင်တို့မိသားစု အတွက် အိမ်လေးတလုံး ရှာဝယ်ဖြစ်ခဲ့သည်။ အိမ်းသစ်တက်တဲ့နေ့က အပျော်ဆုံးတော့ အချစ်ပါပဲ ၊ အဲဒီတုန်းက အချစ်က အိမ်တွင်း စီမန်ခန့်ခွဲရေ ဝန်ကြီးအဖြစ်နဲ့ ဒီအခန်ကြီးက မောင်နဲ့အချစ် ဟောဒီနှစ်ခန်းကတော့ သားနဲ့ သမီးတဲ့၊ ဟော - ဧည့်ခန်းနဲ့တွဲနေတဲ့ အခန်းသေးလေးတော့ ဘုရားခန်းတဲ့ အိမ်လေးကလည်း မိသားစုနေချင်စရာပါပဲ။ အိပ်သစ်ရောက်သည်အထိ ဘာမှမဖြစ်သေး ၊ မောင်တို့မိသားစုလေ အေးအေးဆေးဆေး သာသာယာယာ၊ အချစ်ဘုံဗိမာန်လေးတစ်ခုပါပဲ။
ဆက်ဖတ်ရန်

No comments:
Post a Comment